ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ထိုင်းဘုရင့်တပ်မတော်မှကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာရောက်ဖူးမြှော်ကြည်ညိုခြင်း

      ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ထိုင်းဘုရင့်တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် General Surapong Suwanaadth နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် 2017ခုနှစ်၊စက်တင်ဘာလ (18)ရက် တနင်္လာနေ့ ယနေ့နံနက် (9း30)အချိန်တွင် ရောက်ရှိလာပြီး ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့်အတူပါလာသောစစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ဗိုလ်မှူးချုပ်ခင်ဇော်(စစ်သံမှူး)နှင့်ဇနီးနှင့်အဖွဲ့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့မှူးတို့မှ ခရီးဦးကြိုဆိုကြပါသည်။
    အဆိုပါထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးသည် ဗိုလ်တထောင်စေတီတော်ကြီးမှ ဆံတော်ဦး၊ဆံတော်စစ်၊ဆံတော်မြတ်ရတနာကို ပန်း၊ဆီမီး၊ရေချမ်း၊ကန်တော့ပွဲများနှင့် ကပ်လှူပူဇော်ဖူးမြှော်ကြည်ညိုကြပါသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းဦးဘုရားကြီးတွင်လည်း ပန်း၊ဆီမီး၊ရေချမ်း၊ကန်တော့ပွဲများနှင့် ကပ်လှူပူဇော်ဖူးမြှော်ကြည်ညိုကြပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပါသည်။ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းပြီးနောက် ဂေါပကအဖွဲ့မှဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ပြီး လက်ဆောင်များအပြန်အလှန်ပေးအပ်ကြပါသည်။


   ထို့နောက် ဗိုလ်တထောင်စေတီတော်ရှိ ရောဟဏီဘိုးဘိုးကြီးတွင် ထိုင်ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးအဖွဲ့သည် ပန်း၊ဆီမီး၊ရေချမ်း၊ကန်တော့ပွဲများနှင့် ဆက်ကပ်လှူဒါန်းပူဇော်ကြပါသည်။ဗိုလ်တထောင်စေတီတော်မြတ်ကြီးနှင့် ဗိုလ်တထောင်ရောဟဏီဘိုးဘိုးကြီးတို့အား ပြည်တွင်း၊ပြည်ပဘုရားဖူးများ အများအပြားလာရောက်ဖူးမြှော်ကြပြီး ပြည်ပဘုရားဖူးများအနက် ထိုင်းနိုင်ငံသားများမှ အထူးယုံကြည်ကိုးကွယ်ဆည်းကပ်ပူဇော်ကြပါသည်။


    ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နံနက်(10း30)နာရီအချိန်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှ ပြန်လည်ထွက်ခွာသွားပါသည်။