ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီး (Minister of National Defence of Lao P.D.R)Lieutenant General Chansamone Chanyalath နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာရောက် ဖူးမြှော်ကြည်ညိုခြင်း
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး (Minister of National Defence of Lao P.D.R) Lieutenant General Chansamone Chanyalath နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် 2017ခုနှစ်၊ နိုဝင်ဘာလ (22)ရက်နေ့ ဗုဒ္ဓဟူးနေ့ ညနေ(17း30)နာရီအချိန်တွင် ရောက်ရှိလာပြီး ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့်အတူပါလာသော စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့မှူးတို့မှ ခရီးဦးကြိုဆိုကြပါသည်။
အဆိုပါ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်ဇနီးသည် ဗိုလ်တထောင်စေတီတော်ကြီးမှ ဆံတော်ဦး၊ဆံတော်စစ်၊ဆံတော်မြတ်ရတနာကို ပန်း၊ဆီမီး၊ရေချမ်း ကန်တော့ပွဲများနှင့် ကပ်လှူပူဇော်ဖူးမြှော်ကြည်ညိုခဲ့ကြပါသည်။ မြနန်းစံကျော်ရွှေနန်းတော် နန်းဦးဘုရားတွင်လည်း ပန်း၊ ဆီမီး၊ရေချမ်း၊ ကန်တော့ပွဲများနှင့် ကပ်လှူပူဇော်ဖူးမြှော်ကြည်ညိုခဲ့ကြပါပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးမှ အလှူတော်ငွေများ ထည့်ဝင်လှူဒါန်းပြီးနောက် ဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာများ၊ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်ဇနီး ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဗိုလ်တထောင်စေတီတော်ရှိ ရောဟဏီဘိုးဘိုးကြီးတွင် ပန်း၊ဆီမီး၊ရေချမ်း၊ကန်တော့ပွဲများနှင့် ဆက်ကပ်လှူဒါန်းပူဇော်ကြပါသည်။ဗိုလ်တထောင်စေတီတော်မြတ်ကြီးနှင့် ဗိုလ်တောင်ရောဟဏီဘိုးဘိုးကြီးတို့အား ပြည်တွင်းပြည်ပဘုရားဖူးများ အများအပြားလာရောက်ဖူးမြှော်ကြပြီး ပြည်ပဘုရားဖူးများအနက် အာဆီယံအဖွဲ့ဝင် အိမ်နီးချင်နိုင်ငံများ ၊ အထူးသဖြင့် ထိုင်းနိုင်ငံသားများမှ အထူးယုံကြည်ကိုးကွယ်ဆည်းကပ်ပူဇော်ကြပါသည်။
လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်ဇနီးသည် ည(19း00)နာရီအချိန်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးမှ ပြန်လည်ထွက်ခွာသွားပါသည်။